အာနေးစလော့နဲ့ လီဗာပူးတို အမြင့်ပျံခန်း

Admin
5mos ago
Sport Articles
အာနေးစလော့နဲ့ လီဗာပူးတို အမြင့်ပျံခန်း

လီဗာပူးတို့ ဒီရာသီအပြောင်းအလဲတွေကတော့ ဇာတ်လမ်းဆန်ပါတယ်။ ပြီးခဲ့တဲ့ ရာသီအကုန်မှာက တည်းက ပွဲကစပြီး ဆူနေခဲ့တာပါ။ ရာသီကုန်ရင် နည်းပြကြီး ယာဂင်ကလော့ အသင်းကနေထွက်ခွါ တော့မယ်လို့ ကြေညာလိုက်ကတည်းက ဆိုပါတော့။ ယာဂင်ကလော့က လီဗာပူးမှာ သက်တမ်း တော်တော်ကြာကြာနေခဲ့ပြီး အောင်မြင်မှုတွေလည်း ရယူပေးလာနိုင်ခဲ့သူပါ။ လီဗာပူးမှာက ကြီးကြီး မားမားအောင်မြင်မှုတွေနဲ့ ဝေးနေခဲ့ရတာ ကြာခဲ့ပြီးကိုး။ ဒီမတိုင်ခင်ကာလတွေတုန်းက အတော်ကို ရုန်းကန်ခဲ့ရဖူးတဲ့အချိန်တွေတောင် ရှိခဲ့ပါသေးတယ်။

ဘင်နီတက်ဇ်နဲ့ ချန်ပီယံလိဂ်ဖလားရခဲ့တာဆိုတာကလည်း ဝေးခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ဆိုတဲ့ ခေတ်မှာ တစ်ကြိမ်မှ ချန်ပီယံဖြစ်ဖူးတာမရှိထားသလို သူတို့ရဲ့ ပြည်တွင်းလိဂ်ဖလားအရေအတွက် ကိုလည်း ခါးသီးတဲ့ပြိုင်ဖက် မန်ယူနိုက်တက်က ကျော်တက်သွားတာ ခံလိုက်ရပါတယ်။ ဒီလိုအခြေ အနေမျိုးမှ ယာဂင်ကလော့ ရောက်လာခဲ့တာပါ။ တည်ဆောက်ဆဲ အစောပိုင်းရာသီတွေမှာတော့ မေးခွန်းထုတ်တာတွေ ရှိခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ချန်ပီယံလိဂ် ၁ လုံး၊ သူတို့အသင်းအတွက် ပထမဆုံးသော 𝐄𝐏𝐋 ၁ လုံးအပြင် အက်ဖ်အေဖလား ၁ လုံး၊ ကာရာဘောင်းလို့ အခုခေါ်နေတဲ့ လိဂ် ဖလား ၂ လုံး၊ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်ရယူပေးနိုင်ခဲ့ပါတယ်။ ၂၀၁၅-၁၆ မှာ ယူရိုပါလိဂ်ဖိုင်နယ် တက်ခဲ့ပေမဲ့ ဆီးဗီးလား လက်ချက်ကြောင့် ဒုတိယနဲ့ကျေနပ်ခဲ့ရသလို ၂၀၁၇-၁၈ နဲ့ ၂၀၁၅-၁၆ချန်ပီယံလိဂ်ဖိုင်နယ်တွေမှာလည်း ရီးရဲလ်မက်ဒရစ်လက်ချက်နဲ့ ဒုတိယနေရာသာ ရခဲ့တာကတော့ နစ် နာမှုပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်တွေ၊ ဖလားတွေတင်မက အသင်းရဲ့ ကစားပုံ၊ ကစားကွက် အဆင့်အတန်း တစ်ခုကို ပြန်ယူလာပေးပြီး ကစားဟန်တစ်ခုကို သွတ်သွင်းပေး၊ လူသူလေးစားရတဲ့အသင်းဖြစ် အောင်ပါ တည်ဆောက်ပေး။ အသင်းအတွက် ထာဝရအကောင်းဆုံးကစားသမားတွေ စာရင်းထဲမှာ ပါ ထည့်သွင်းရမယ့် ဗန်ဒိုက်၊ ဆာလာ၊ မာနေးတို့ကိုပါ ခေါ်ယူအရောင်တင်ပေးခဲ့သလို အလက်ဇန္ဒား ထရန့် အာနိုးလို ကစားသမားကို စင်တင်ပေးခဲ့တာ၊ ဂျော်ဒန် ဟန်ဒါဆင်ကို တခြားလူတစ်ယောက်လို ဖြစ်အောင် လုပ်ပေးခဲ့တာတွေက ပြောစမှတ်တွင်ကျန်ခဲ့ချင်စရာပါပဲ။

ဒီလိုနည်းပြတစ်ယောက်ထွက်သွားတဲ့အခါ သူ့နေရာမှာ အစားဝင်လာမယ့် နည်းပြကို ဘယ်လိုလူမျိုး များဖြစ်မလဲလို့ စိတ်ပူကြတာမဆန်းပါဘူး။ အဲဒီအချိန်မှာ အာနေးစလော့ ဖြစ်နေတဲ့အခါ လီဗာပူးပရိ သတ်တော်တော်များများ မကျေနပ်ခဲ့ကြတာ မြင်သာပါတယ်။ ယာဂင်ကလော့တုန်းက သူ ဘယ်လို လူလဲ၊ ဘာတွေလုပ်နိုင်သလဲဆိုတာကို ဒေါ့မွန်မှာ မြင်ခဲ့ကြရပြီးဖြစ်လို့ လိုလိုလားလားရှိခဲ့ကြတာ တောင် အစောပိုင်းနှစ်တွေမှာ ရုန်းကန်ရချိန်တွေ ရှိခဲ့တာ အာနေးစလော့လို နည်းပြက ကလော့ နောက်မှာ လီဗာပူးကို တာဝန်ယူဖို့ ဖြစ်ပါ့မလားဆိုတာက တော်တော် ပွက်လောရိုက်သွားခဲ့ပါတယ်။

အာနေးစလော့ကလည်း ကစားသမားဘဝမှာ ဇွယ်လီ၊ ဘရီဒါ၊ ရော့တာဒမ်တို့လို အသင်းတွေမှာပဲ ကျင်လည်ခဲ့ဖူးပြီး နည်းပြဘဝမှာလည်း ခမ်ဘား နဲ့ အေဇက် အက်ခ်မားတို့ကိုသာ ကာလတိုလေးတွေ နည်းပြအဖြစ် ကိုင်ခဲ့ဖူးပြီး ၂၀၂၁ ကမှ ဖီယင်နော့ဒ်ကို စကိုင်ထားတဲ့ နည်းပြဖြစ်နေတာပါ။ ၂၀၂၂-၂၃ မှာ အီရီဒီဗီဆီ နယ်သာလန် အဆင့်မြင့်တန်းဖလား ၁ ကြိမ်နဲ့ 𝐊𝐍𝐕𝐁 ဖလား ကို ၂၀၂၃-၂၄ မှာ တစ် ကြိမ် ရယူပေးထားနိုင်တာပဲရှိတော့ မက်လောက်စရာမရှိသလို ဖြစ်နေတာလည်း ပါပါတယ်။ ၂၀၂၂ တုန်းက ကွန်းဖရန့်လိဂ်ဖိုင်နယ်ထိ တက်ထားပေမဲ့ မော်ရင်ညိုရဲ့ ရိုးမားက အနိုင်ယူသွားတာကို ခံခဲ့ရ ဖူးတာကြောင့် မထင်ရှားလိုက်ပါဘူး။

ဒီထက်ပိုဆိုးတာကတော့ ရှေ့မှာ မန်ယူနိုက်တက်က နယ်သာလန် အီရီဒီဗီဆီလိဂ်မှာ တောက် လျှောက် အစွမ်းပြပြီး ချန်ပီယံလိဂ်မှာတောင် ရီးရဲလ်တို့ကို အနိုင်ကစားလာတဲ့ အဲရစ်တန်ဟက်ကို ခန့်ထားခဲ့ပေမဲ့ အဆင်မပြေမှုတွေ၊ အလုပ်မဖြစ်တာတွေ၊ ပြဿနာတွေနဲ့ ချာလည်လိုက်နေတဲ့အခါ နယ်သာလန်လိဂ်က နည်းပြတွေအပေါ် ရောပြီး အမြင်မကောင်းတာတွေလည်း ဖြစ်လာခဲ့တာ ပါမှာ ပါ။

အာနေးစလော့က ပါးနပ်ပါတယ်။ ရောက်ကတည်းက စကားကို မယ်မယ်ရရ များများစားစား မပြော ဘဲ အလုပ်ကိုသာ လုပ်နေခဲ့ပါတယ်။ နည်းပညာအကူအညီတွေနဲ့အတူ ကစားသမားတွေကို တစ်ဦး ချင်း အကောင်းဆုံးလေ့ကျင့်ပေးရင်း သူလိုချင်အသင်းဖြစ်အောင် တိုးတိုးတိတ်တိတ်ပဲတည်ဆောက် နေခဲ့ပါတယ်။ အသင်းက နွေအပြောင်းအရွှေ့မှာ ကွင်းလယ်နဲ့ နောက်တန်းလိုအပ်နေတာ အသိသာ ကြီးကို ဝယ်မပေးပေမဲ့ သူကတော့ အေးအေးပါပဲ။ ဒီရာသီအတွက် သူတို့အသင့်ဖြစ်နေပြီလို့တောင် ပြောလိုက်ပါသေးတယ်။

အာနေးစလော့ရဲ့ ချဉ်းကပ်ပုံက ရှင်းပါတယ်။ ယာဂင်ကလော့ရဲ့ အထိုင်ပုံစံကို လုံးဝမဖျက်ပစ်လိုက်ဘဲ နည်းနည်းချင်းပဲ အပြောင်းအလဲတွေ စလုပ် လာခဲ့တာပါ။ အရင်က ခြေစွမ်းမပြခဲ့တဲ့ ကစားသမားတွေကို အလုပ်ဖြစ်အောင်၊ သူတို့နဲ့ သင့်တော်တဲ့ နေရာမှာ အဆင်ပြေအောင် သုံးခဲ့တယ်။ ကောင်းပြီးသားကစားသမားတွေဆီကနေ အကောင်းဆုံး ဆက်ရဖို့ ထုတ်ယူတယ်။ ကွင်းလယ်ကြောမှာ စုပြုံဖိအားပေးပြီး တောင်ပံတွေမှာ နေရာလွတ်တွေ ရအောင် ဖော်တာမျိုး၊ ဇုန် ၁၄ ကနေ အဓိကထား တိုက်စစ်ဆင်တာမျိုးတွေက သူ့ရဲ့ ပုံစံတွေဖြစ်ပြီး နောက်တန်းကနေ တဆင့်ချင်းကစားကွက်တည်ဆောက်ပုံကလည်း ယာဂင်ကလော့နဲ့ သူနဲ့က နည်း နည်းကွဲပြားပါတယ်။ဒါပေမဲ့ သူက ကွဲပြားမှုကို အာရုံမစိုက်ထားခဲ့ဘဲ တူညီမှုတွေအပေါ်မှာ အဓိကထား အားထုတ်ခဲ့တာ ဖြစ်ပြီး ရလဒ်နဲ့ အလုပ်ဖြစ်ဖို့ကို ဦးစားပေးခဲ့ပြီး ကစားကွက်ကိုလည်း သူ့ကစားကွက်ထဲ ချက်ချင်းမရမနေသွင်းယူတာထက် ဖြည်းဖြည်းချင်းပဲ ခေါ်ယူသွားတာပါ။ ဒါကြောင့် လက်ရှိ 𝐄𝐏𝐋 မှာ ထိပ်ဆုံး ကို ရောက်နေတာဖြစ်သလို ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေမှာလည်း ထိပ်ဆုံးကပါပဲ။

စကားများများ မပြောဘဲ အလုပ်ကို မှန်မှန်လုပ်ပြီး ကစားသမားတွေကို ရအောင် စည်းရုံးနိုင်ခဲ့တာက သူ့ အဓိကသော့ချက်ပါ။ ဘယ်နည်းပြမဆို ဘယ်လောက်ပဲ ဘုတ်အဖွဲ့နဲ့ အဆင်ပြေပြေ၊ ပရိသတ်က ချစ်ချစ်၊ ကစားသမားတွေရဲ့ အဝတ်လဲခန်းကို မသိမ်းပိုက်နိုင်ရင် အနှေးနဲ့အမြန် ကျရှုံးတာပါပဲ။ အဲဒီ လို သိမ်းပိုက်ဖို့ ကြိုးစားတဲ့အခါ သိမ်းသွင်းစည်းရုံးပုံမှန်ခဲ့တဲ့ အာနေးစလော့က အလုပ်ဖြစ်သွားခဲ့တာ ပါ။ သူ့နောက်လိုက်ရင်း အခုလို ရလဒ်တွေကောင်းလာတဲ့ ကစားသမားတွေက ဒါဟာ လမ်းမှန်ဖြစ် တယ်၊ သူဟာ လူမှန်ဖြစ်တယ်လို့ ပိုယုံကြည်လာပြီး သူ့နောက်မှာ ပိုရပ်လာကြမှာပါ။

အဲဒီအခါ သူကြိုက်တဲ့ကစားကွက်ကို အပြောင်းအလဲလုပ်လို့ရပါပြီ။ ကစားသမားတွေက လိုက်လုပ် ပေးတော့မှာပါပဲ။ အာနေးစလော့နဲ့ လီဗာပူးအမြင့်ပျံခန်းမှာ နည်းဗျူဟာတွေက အရေးပါတယ်ဆိုရင် ကွင်းတွင်း ကစားပုံတွေလိုပဲ ကွင်းပြင်က ဆက်ဆံရေးနဲ့ စည်းရုံးရေး နည်းဗျူဟာတွေကိုပါ လေ့လာ သင့်ပါတယ်။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။

#k9mmmedia

#Liverpool

#ArneSlot


Leave a reply