မန်ချက်စတာရင်ခွင်ရဲ့အဝေးတစ်နေရာမှာတကျော့ပြန်တောက်ပလာတဲ့ မေဆင်ဂရင်းဝုဒ်

မေဆင်ဂရင်းဝုဒ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့အဖြစ်အပျက်တွေက ဒရမ်မာရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လို ဝမ်းနည်းကြေကွဲစရာကောင်းလွန်းခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ မင်းသားနဲ့မင်းသမီးက ခိုင်မာတဲ့သံယောဇဉ်ကြိုး တွေနဲ့ချစ်နေကြပါလျှက် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားထဲမှာ ဘယ်လိုမှပေါင်းဖက်မရနိုင်တဲ့အခြေအနေတွေ ကြုံခဲ့ပြီး လမ်းခွဲလိုက်ရတဲ့ဇာတ်သိမ်းခန်းလိုပါ။ နှစ်ဦးကြားမှာ မျှော်မှန်းထားတဲ့အနာဂတ်တွေ၊ ခမ်းနားတဲ့ အိမ်မက်တွေ ကိုယ်စီရှိသော်လည်းဆိုးဝါးလှတဲ့ကံကြမ္မာအလှည့်အပြောင်းကြားမှာ အားလုံးကြေမွပျက်စီးခဲ့ကြပါတယ်။
မေဆင်ဂရင်းဝုဒ်က ထိပ်တန်းစွမ်းဆောင်ရည်တွေပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ယောက်ပါ။ ရပ်ဖို့ဒ်နောက်ပိုင်း ယူနိုက်တက်အကယ်ဒမီက မွေးထုတ်ပေးလိုက်တဲ့ငယ်မွေးခြံပေါက်ကစားသမားတွေထဲမှာ ပါရမီအထူးခြားဆုံး နဲ့စိတ်လှုပ်ရှားစရာ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဆိုးရှားလက်ထက်မှာတော့ သူ့အနေနဲ့ဒါတွေကိုချပြခွင့်ရရှိခဲ့ပြီး ဘောလုံးဆင်မြင့်ထက်ကိုအကောင်းဆုံးလျှောက်လှမ်းခွင့်ရရှိခဲ့ပါတယ်။
ပြောရမယ်ဆို ဆိုးရှားမြေတောင်မြှောက်ပေးလိုက်တဲ့ကစားသမားတစ်ယောက်ပေါ့။ သူဟာ ယူနိုက်တက်မှာ စီနီယာကစားသမားအဖြစ် 5 ရာသီကြာဖြတ်သန်းပြီးနောက် ဂီတာဖေးအသင်းမှာ တစ်ရာသီအငှားကစား အခုတော့မာဆေးကို အပြီးသတ်ရောက်ရှိနေပြီဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ 5 ရာသီထဲက 4 ရာသီလောက်ပဲကောင်းကောင်းကစားခဲ့ရပြီး ကျန်တဲ့တစ်ရာသီကတော့ လူမှုရေးပြဿနာတွေနဲ့ ပဲလုံးပန်းရင်းဖြတ်သန်းခဲ့ရတာပါ။ သူ့အနေနဲ့ကြားထဲမှာ ဒီလိုမထင်မှတ်ထားတဲ့ပြဿနာတွေသာမဖြစ်ပေါ်လာဘူးဆိုရင် ယူနိုက်တက်နဲ့အနာဂတ်ကလည်း တကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းခဲ့ပြီး ယူနိုက်တက် အတွက်လည်းလက်ရှိလိုအပ်နေတဲ့ သွင်းဂိုးတွေကို ရှာဖွေပေးနိုင်ခဲ့မှာပါ။ ယူနိုက်တက်ဘက်ကလည်း သူ့ကိုပုံစံအမျိုးအမျိုးနဲ့ အသင်းမှာဆက်ထားဖို့ ကြိုးစားခဲ့ပေမယ့် ဘာမှလုပ်လို့မရတဲ့အဆုံး ထွက်ခွာခွင့်ပေးခဲ့ရတာဖြစ်ပါတယ်။
သူ့ရဲ့ကစားပုံကရိုးရှင်းပေမဲ့ ဘယ်ခြေညာခြေနှစ်ဖက်လုံးကို မျှတစွာအသုံးပြုနိုင်တာ၊ ထိပ်တန်းအဆင့် အဆုံးသတ်စွမ်းဆောင်ရည်တွေပိုင်ဆိုင်ထားတွေက တကယ်ကိုလက်ဖျားခါစရာဖြစ်ပြီး လူငယ်ကစားသမား တွေထဲမြင်တွေ့ခဲတဲ့ပုံစံမျိုးပါ။ ဒါတွေကိုပရီးမီးယားလိဂ်မှာပြသထားနိုင်တဲ့အပြင်စပိန် ၊ လက်ရှိပြင်သစ်မြေ မှာလဲ ဆက်လက်ပြသထားဆဲဖြစ်ပါတယ်။ ဂီတာဖေးအသင်းမှာ တစ်ရာသီအငှားထွက်ကစားပြီး 36 ပွဲကစားကာ 10 ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ဂီတာဖေးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ကိုရရှိအောင်ကို စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ လက်ရှိပြင်သစ်မှာကတော့တစ်ချိန်ကခြေစွမ်းတွေနဲ့ တစ်ကျော့ပြန် တောက်ပနေပြီး အကောင်းဆုံးပုံစံတွေပြန်လည်ရရှိနေချိန် ဖြစ်ပါတယ် ။ နည်းပြဒီဇာဘီလက်အောက် မာဆေးရဲ့အဓိက ကစားသမားတစ်ဦးအဖြစ်ရပ်တည်ထားနိုင်ပြီး အသင်းအတွက် 8 ပွဲကစားကာ 6 ဂိုးသွင်း 1 ဂိုးဖန်တီး ပေးထားပါတယ်။ နောက်ပြီး ပြင်သစ်လီဂူးရဲ့ ဂိုးသွင်းအများဆုံး နေရာမှာ ဒုတိယနေရာမှာရပ်တည်ထားပြီး လက်ရှိ လီဂူးရဲ့တန်ဖိုးရှိတဲ့ကစားသမားအဖြစ်ကိုရောက်နေပြီဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဂရင်းဝုဒ်လုပ်ပြနေတာတွေက အထင်ကြီးစရာပါ။ တစ်ဖက်ကနေကြည့်ရင်တော့ ယူနိုက်တက်အတွက်၊ ယူနိုက်တက်ဖန်တွေ အတွက်ကတော့ဝမ်းနည်းစရာပါ။ သူအောင်မြင်နေတာကို ကြည်နူးမိပေမဲ့ သူ့လိုအရည်အချင်းရှိတဲ့ကစားသမားမျိုးပိုင်ဆိုင်ထားနိုင်ခဲ့ပါလျှက် လက်လွှတ်ပေးလိုက်ရတာ ၊ ကိုယ်မဟုတ်တဲ့အခြားရင်ခွင်မှာ မြင်တွေ့နေရတာ တကယ်ကိုဝမ်းနည်းဖို့ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ်ဒါဟာ ဂရင်းဝုဒ်အတွက်ဒုတိယအကြိမ်အခွင့်အရေးပြန်လည်ရရှိခြင်းလည်းဖြစ်ပါတယ်၊ အားလုံးအားပေးနေရမဲ့အချိန်ပါ။ အနာဂတ်မှာအကောင်းဆုံးအောင်မြင်နိုင်ပါစေလို့ဆုတောင်းရင်းနဲ့ပဲအဆုံးသတ်လိုက်ပါတယ်။
LATEST NEWS


Today I would like to tell you about the 10 most valuable full-back players in the world of football.

Today I would like to tell you about the best attacking duo Chelsea have ever had.
.png)