၁၉၉၈ တိုက်ဂါးဖလား ရွှေဖိနပ်ဆုရှင် မြန်မာ့ ဂန္ထဝင်တိုက်စစ်မှူး မျိုးလှိုင်ဝင်း⚽⚽⚽

မြန်မာ့ဘောလုံးရဲ့ ရွှေခေတ်ဟာ ဝေးခဲ့ပြီဖြစ်ပြီး ကျွန်တော်တို့တောင် မသိမီနိုင်ခဲ့ပါ။ ငွေခေတ်က လည်း တချို့သော လူငယ်များအတွက် ကြားဖူးရုံသာ ရှိပါတော့မယ်။ ကြည့်ခွင့်ရခဲ့တဲ့ သူတွေလည်း အခုလောက်ဆိုရင် အနည်းဆုံး အသက် ၃၀ ကျော်ကြလောက်ပါပြီ။ ဒါပေမဲ့ မျိုးလှိုင်ဝင်း-သန်းတိုး အောင်-အောင်ကျော်ကျော် စတဲ့ နာမည်တွေကတော့ ကြားဖူးနားဝရှိဖူးကြတဲ့ နာမည်တွေဖြစ်နေမှာ ပါ။
တစ်ချိန်တုန်းကတော့ မျိုးလှိုင်ဝင်း-အောင်ကျော်ကျော်ဆိုတာ လမ်းဘေးက ကလေးတွေရဲ့ ဘောလုံး ပွဲတွေထဲထိကို ရောက်ပါတယ်။ ဂိုးစောင့်ရတဲ့ ကလေးကလည်း တစ်ခါလောက်ဖမ်းမိလိုက်တာနဲ့ အောင်ကျော်ကျော်ကွ လို့ ကြွေးကြော်မယ်၊ ကစားတဲ့ကလေးကလည်း တစ်ဂိုးလောက်သွင်းလိုက် တာနဲ့ မျိုးလှိုင်ဝင်းကွလို့ ကြွေးကြော်မယ်။ ဒီလောက်အထိ လွှမ်းမိုးခဲ့ကြတဲ့ ကစားသမားတွေပါပဲ။
မျိုးလှိုင်ဝင်းက နယ်နယ်ရရတော့မဟုတ်ပါဘူး။ သူက ရာဇဝင်နဲ့ မျိုးနဲ့ ရိုးနဲ့လာတာပါ။ သူ့အဖေက မြန်မာ့ရွှေခေတ် လက်ရွေးစင်ကစားသမားကြီး ဂိုး တင်ဝင်း ဖြစ်ပါတယ်။ ၁၉၇၃ မှာ မျိုးလှိုင်ဝင်းကို ရန်ကုန်မှာပဲ မွေးဖွားခဲ့ပြီး ရန်ကုန်မှာပဲ နေထိုင်ကြီးပြင်းပါတယ်။ အဖေလုပ်သူက ဘောလုံးကစား သမားဆိုတော့ သူလည်း ငယ်ငယ်ကတည်းက သူ့အဖေကို အားကျပြီး ဘောလုံးကစားဖို့ အားသန် ခဲ့တာပေါ့။
ကျွန်တော့်အနေနဲ့ ၂၀၁၇-၁၈-၁၉ အစောပိုင်းကာလတွေလောက်မှာ အားကစားဂျာနယ်က အစ်ကို ဆရာတစ်ယောက်ရဲ့ ကောင်းမှုကြောင့် ကိုမျိုးလှိုင်ဝင်းနဲ့အတူတူ ရေဒီယိုအစီအစဉ်တစ်ခုမှာ ၃ နှစ် နီးပါး အပတ်စဉ်အတူတူ ပါဝင်ခွင့်ရခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကိုမျိုးလှိုင်ဝင်းကို သူ့အဖေက ဘယ် လို ပြုစုပျိုးထောင်ခဲ့တယ်ဆိုတာကို စကားဆုံမိရင်း သိခွင့်ရခဲ့တာပေါ့။ ဒီဆောင်းပါးမှာ အဲဒါလေး တွေကိုလည်း ညှပ်ထည့်သွားချင်ပါတယ်။
အားကစားသမားတစ်ယောက်ဟာ အာဟာရပြည့်ဝပြီး အာဟာရကို ကောင်းကောင်း စုပ်ယူနိုင်တဲ့ ကိုယ်တွင်းပိုင်း အင်္ဂါတွေ လိုအပ်တယ်လို့ မျိုးလှိုင်ဝင်းရဲ့အဖေက ယူဆခဲ့ပြီး အဲဒီ တံခါးပိတ်ခေတ် ကြီးထဲမှာ သူ့သားအတွက် ထောပတ်တွေ၊ အာဟာရဖြစ်မယ့်အစားအစာတွေကို နိုင်ငံခြားပွဲသွား ကစားတိုင်းရအောင် ယူလာပြီး စားတတ်အောင် ကျွေးခဲ့ပါတယ်။ ထမင်းနဲ့ ဟင်းချည်းသက်သက် ဟာ ပရိုကစားသမားတစ်ယောက်ဖြစ်လာဖို့အတွက် လုံလောက်တဲ့အာဟာရ မဟုတ်မှန်းကို ဦးတင် ဝင်းက ကောင်းကောင်း သိခဲ့တာပေါ့။
လေ့ကျင့်ရေးပစ္စည်းတွေလည်း မရှိတဲ့အတွက် အိမ်မှာ သူကိုယ်တိုင်ပဲ လေ့ကျင့်ရေးပစ္စည်းတွေ လုပ် ပြီး လေ့ကျင့်စေပါတယ်။ ဖိနပ်နဲ့ သံပြားအလေးတွေနဲ့ တွဲပြီး ပေါင်ကြွက်သားအတွက် လေ့ကျင့်စေ တာမျိုး၊ ကွန်ကရစ်နဲ့ အလေးတုံးတွေ ဖန်တီးပေးတာမျိုးတွေဆိုပါတော့။ အမြဲမပြတ်လုပ်ခိုင်းတာက တော့ ပြေးတာပါ။ အထိုင်များနေတာတွေ့ရင်တောင် ထပြီး ၃ ကျော့လောက်ပြေးဦးလို့ ခိုင်းတတ်ပါ တယ်။ ဒါကြောင့်လည်း မျိုးလှိုင်ဝင်းဟာ ငယ်ငယ်ကတည်းက သန်မာပါတယ်။ အရပ်အားဖြင့် ၅ ပေ ၆ လက်မကျော်ကျော်လောက်သာ ရှိပေမဲ့ လျင်မြန်မှုနဲ့ တိုးအားကတော့ ပြည်တွင်းမှာ တကယ့်ကို ထိပ်တန်းထဲကပါပဲ။
သူ ၈ တန်းတက်တော့မယ့်အရွယ်လောက်မှာ သူ့ကို လူငယ် စခန်းသွင်းလေ့ကျင့်ရေးကလည်း ရွေး ချယ်ထားပါပြီ။ တိုင်းနဲ့ပြည်နယ်ပွဲတွေအတွက် ဆိုပါတော့။ ရန်ကုန်တိုင်း လူငယ်စခန်းသွင်းလေ့ကျင့် ရေးစခန်းပါ။ သူ့အဖေက သူ့ကို ရွေးချယ်စရာ နှစ်ခု ပေးခဲ့ပါတယ်။ ကျောင်းတက်မယ်ဆိုရင် ဘော လုံးကို လုံးဝရပ်၊ ကျောင်းဆက်တက်ပြီး ဘဝကို တည်ဆောက်တော့။ ဒါမှမဟုတ် ဘောလုံးကို ရွေး မယ်ဆိုရင်လည်း ကျောင်းကို တခါတည်း နားလိုက်တော့ဆိုတဲ့သဘောပါ။ ကျောင်းအထိ ရောက်ပြီးမှ သူ တကယ်လုပ်ချင်တာ ဘောလုံးဆိုတာကို နားလည်လာခဲ့ပြီး လှည့်ပြန်လာခဲ့ပါတော့တယ်။ ဒီ ပုံစံ က အခုခေတ်မှာတော့ အစွန်းရောက်တဲ့ ပုံစံလိုမျိုး ထင်ချင်စရာပါ။ လာမာစီယာလို အကယ်ဒမီမှာ တောင် ပညာရေးနဲ့ ရောစပ်ပြီး သင်ပေးနေကြပြီကိုး။ ဒါပေမဲ့ ကျွန်တော်တို့ ပြောနေတာ ၁၉၈၀ ကျော်ကာလက မြန်မာနိုင်ငံအကြောင်းဆိုတာကိုတော့ မမေ့ဖို့ လိုပါတယ်။
၁၉၈၉ သူ့အသက် ၁၆-၁၇မှာပဲ လက်ရွေးစင်ကစားသမား စဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်ပွဲတွေ ကနေ တက်လာခဲ့တာပါပဲ။ ၁၉၉၀ မှာတော့ ဘဏ္ဍာအခွန်မှာ စကစားခဲ့ပါတယ်။ ပထမဆုံး နိုင်ငံ တကာပွဲအဖြစ် သူ စ ကစားတော့ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ ထိုင်းအသင်းနဲ့ပွဲစဉ်ပါ။ မြန် မာအသင်း ၃-၀ နဲ့အရေးနိမ့်ခဲ့ပါတယ်။ အဲဒီတုန်းက သူ့အသက် ၁၆ နှစ်နဲ့ ၉၁ ရက်ပဲရှိသေးတာပါ။
သူ့နာမည်တစ်လုံးကို မြန်မြန်ဆန်ဆန်ပဲ တည်ဆောက်လာနိုင်ခဲ့ပြီး လျင်မြန်မှု၊ တိုးအား၊ လှုပ်အား တွေနဲ့ နည်းပြတွေဆီကနေ သင်ယူပြီး တိုးတက်လာခဲ့တာ အရှေ့တောင်အာရှဒေသတွင်းမှာ အသိ အမှတ်ပြုရတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကိုင်တီဆတ်ကတော့ သူနဲ့ ခေတ်ပြိုင်ကစားသမားဆိုပါတော့။ လက်ရွေးစင် သက်တမ်းလည်း တော်တော်ရှည်လျားပါတယ်။ အသက် ၃၁ နှစ်အထိ ကစားသွားခဲ့တာပါ။ ကံဆိုးတာက ပြည်တွင်းလိဂ်ပွဲတွေက မှတ်တမ်းမှတ်ရာ တွေ မထိန်းသိမ်းထားနိုင်တဲ့အတွက် သူ နိုင်ငံတကာနဲ့ ကလပ်မှာ ဘယ်လောက် ဂိုးသွင်းခဲ့တယ်ဆို တာကို တိကျတဲ့ မှတ်တမ်းမရှိခဲ့ပါဘူး။
၁၉၉၈ တိုက်ဂါးဖလားမှာ အုပ်စု က ထဲ ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်တို့ ကျရောက်ခဲ့ပြီး အုပ်စုကြပ်ပါတယ်။ မြန်မာအသင်းဟာ နောက်တဆင့်လည်း မတက်နိုင်ခဲ့ပါဘူး။ အုပ်စု တတိယ နေရာနဲ့ လှည့်ပြန်လာခဲ့ရတာပါ။ ထိုင်းကို သရေကစားနိုင်ခဲ့ပေမဲ့ အင်ဒိုနီးရှားကို ၆-၂ နဲ့ အပြတ်ရှုံး ခဲ့ပါတယ်။ အဲဒီပွဲမှာ ချေပဂိုး ၂ ဂိုးလုံးကို မျိုးလှိုင်ဝင်းသွင်းယူပေးခဲ့တာပါ။ ဒုတိယဂိုးကတော့ ပင် နယ်တီကနေပေါ့။ အုပ်စု နောက်ဆုံးပွဲစဉ်မှာတော့ ဖိလစ်ပိုင်ကို ၅-၂ နဲ့ နိုင်ခဲ့ပေမဲ့ နောက်တဆင့် မတက်နိုင်ခဲ့ပါဘူး။ အဲဒီပွဲမှာလည်း မျိုးလှိုင်ဝင်း ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အုပ်စု ခ ကနေ စင်ကာပူ၊ ဗီယက်နမ်တို့ တက်လာခဲ့ပြီး ဆီမီးမှာ ဗီယက်နမ်- ထိုင်းတွေ့ ဗီယက်နမ် တက်၊ စင်ကာပူ- အင်ဒိုနီးရှားတွေ့ စင်ကာပူတက်လာခဲ့တာပါ။ ဖိုင်နယ်မှာတော့ စင်ကာပူတို့ ဆုဖ လားကို သိမ်းပိုက်ခဲ့ပြီး တတိယနေရာကို အင်ဒိုနီးရှားက ပင်နယ်တီအဆုံးအဖြတ်နဲ့ ရယူခဲ့ပါတယ်။ ဒါပေမဲ့ မျိုးလှိုင်ဝင်းရဲ့ ဂိုးကိုတော့ မကျော်ဖြတ်နိုင်ခဲ့ဘဲ ရွှေဖိနပ်ဆုကိုတော့ မျိုးလှိုင်ဝင်းပဲ သိမ်းပိုက် သွားခဲ့တာပါ။
အခုဆိုရင် မျိုးလှိုင်ဝင်းဟာ မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူထားပြီး ဦးဆောင်မှု ပေးနေပါတယ်။ ဘယ်လိုအောင်မြင်မှုတွေ ဆောင်ယူလာမလဲဆိုတာကတော့ မျှော်လင့်ကြရတာပေါ့။❤❤❤❤
#k9mmmedia
#Myanmar
#MyoHlaingWin
နောက်ဆုံးရသတင်းများ


လက်ရှိဘောလုံးလောကရဲ့တန်ကြေးအမြင့်ဆုံး Full-Back Players 10 ယောက်

ဒီနေ့မှာတော့ ကျွန်တော်က ချယ်ဆီး အသင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အကြောင်း ကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာ။
.jpg)