မန်ယူနိုက်တက်ရဲ့ ထာဝရဂိုးသွင်းအများဆုံး တိုက်စစ်မှူး ဝိန်းရွန်းနီ

Admin
5 လ ခန့်က
Sport Articles
မန်ယူနိုက်တက်ရဲ့ ထာဝရဂိုးသွင်းအများဆုံး တိုက်စစ်မှူး ဝိန်းရွန်းနီ

မန်ယူနိုက်တက်မှာ ဂန္ထဝင်ကစားသမားတွေ အများကြီးရှိခဲ့ပါတယ်။ နောက်ပိုင်းခေတ်ထဲမှာ ပရိသတ် တွေ တော်တော်များများ ချစ်ကြခင်ကြ၊ အားကိုးခဲ့ကြတဲ့ တစ်ယောက်ကတော့ ဝိန်းရွန်းနီပါပဲ။ သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ ပေါက်ကွဲအား၊ ဘောလုံးအမြင်နဲ့ စွမ်းဆောင်နိုင်ရည်၊ ကျရာနေရာကနေ ကစား ပေးနိုင်စွမ်းတွေက သူ့ကို အဲဒီလို အများက ချစ်ခင်လာစေခဲ့တာပါပဲ။

သူက ခရော့တက် လို့ခေါ်တဲ့ လီဗာပူး-မာဆေးဆိုက်ဒ်ထဲက ဒေသလေးတစ်ခုမှာ မွေးပါတယ်။ ဒေသ က ပတ်ဝန်းကျင် ကြမ်းတယ်လို့ ဆိုရမှာ ဖြစ်ပြီး ယစ်ထုပ်တွေ၊ ဇိုးငနဲတွေ၊ ပြဿနာတက်နေတဲ့ မိ သားစုတွေ၊ ရုန်းကန်နေကြရတဲ့သူတွေနဲ့ ပြည့်နေတာဖြစ်ပြီး အမြဲဆူညံပူညံနိုင်နေတဲ့ နေရာမျိုးပါပဲ။ အဲဒီအထဲ ရွန်းနီရဲ့ မိဘတွေလည်း ပါတာပေါ့။ ရွန်းနီရဲ့အဖေက အလုပ်တော့ လုပ်ပေမဲ့ ယစ်ထုပ်လည်း ယစ်ထုပ်ကြီးပါ။ အဲဒီအတွက် သူ့အမေနဲ့ တချိမ်းချိမ်းပါပဲ။ မိသားစုဘဝ ကြမ်းတယ်လို့ ဆိုရမှာပါ။ နွမ်းပါးတဲ့ အသိုင်းအဝိုင်းကဖြစ်တဲ့အတွက် လိုချင်တာရှိရင် တောင်းယူလို့မရဘဲ ကြိုးစားယူမှ ရမယ် ဆိုတာကို ငယ်ငယ်လေးကတည်းက နားလည်ခဲ့ရတာပေါ့

သူ့အဖေကလည်း ကြမ်းပါတယ်။ ရွန်းနီ အသက် ၉ နှစ်သားလောက်မှာ လေ့ကျင့်ရေးကစားသမား ဖြစ်နေတော့ ဆောင်းတွင်းကြီးထဲ အေးအေးခဲခဲနဲ့ ဘောလုံးကန်ရပါတယ်။ ကလေးပဲရှိသေးတဲ့ ရွန်းနီ က သူ့အဖေဆီကို ခြေထောက်တွေ အေးနေလို့ ဆက်မကစားချင်တော့ဘူးလို့ ပြောတဲ့ အခါ သွား ကွင်းပြင်ထွက်ပြီး နည်းနည်း ပတ်ပြေးလိုက်၊ သွေးပူသွားရင် မအေးတော့ဘူးလို့ ပြောခံရ ပြီး ကွင်းထဲ ပြန်ထိုးထည့်ခံခဲ့ရပါတယ်။ ဒီလိုမျိုး လွယ်လွယ်အလျော့မပေးတတ်အောင် ငယ်ငယ်ကတည်းက မောင်းခံထားရတာတွေက ကြီးတဲ့အခါ သူ့ပင်ကိုယ်စရိုက်လိုကို ဖြစ်လာခဲ့ပါတယ်။

ရွန်းနီက အသက် ၁၆ နှစ်ကျော်ကျော်မှာပဲ ပွဲစထွက်ကစားနေပြီး ပွဲထွက်ကစားတဲ့အချိန်မှာပဲ အာဆင်နယ်ကို ဒုက္ခပေးသွားခဲ့ပါတယ်။ နောက်ပိုင်းလည်း တောက်လျှောက် သူက အင်္ဂလန်ရဲ့ နောက်လာမယ့် တောက်မယ့်မီးခဲလို့ အားလုံးက မျှော်မှန်းထားတာ ခံခဲ့ရတာပါ။ ဟုတ်လည်း ဟုတ်ခဲ့ပြီး မဟုတ်လည်း မဟုတ်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ဟုတ်ခဲ့တာက သူကကိန်းမတိုင်ခင်အထိ အင်္ဂလန်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား၊ မန်ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားကိုး။ မဟုတ်ခဲ့တာကတော့ သူကသူ့အရည်အချင်း ရှိသလောက် ဖြစ်မလာခဲ့တာပါပဲ။ ဖြစ်ခွင့်မရခဲ့တာမဟုတ်ဘဲ မဖြစ်လာခဲ့တာပါ။

သူ့မှာ ခွန်အားနဲ့ ကြံ့ခိုင်မှုလည်း ရှိပါတယ်။ ဘောလုံးအမြင်နဲ့ အမြင်နောက်ကို လိုက်အကောင်အ ထည်ဖော်နိုင်တဲ့ စွမ်းရည်လည်း ရှိပါတယ်။ ဂိုးလည်း သွင်းနိုင်သလို၊ ဖန်လည်း ဖန်တီးပေးနိုင်ပါတယ်။ ပေါက်ကွဲအားနဲ့ ပြေးမယ်ဆိုရင်မြန်ပါတယ်။ အသက်ကြီးပြီး ခန္ဓာကိုယ်က အားကစားသမားပုံမပေါက်တော့တာတောင် 𝐃𝐂 𝐔𝐧𝐢𝐭𝐞𝐝 မှာ ဘောလုံးကို ပြန်လိုက်ဆယ်ပြီး ပြန်ဖြတ်တင်ပေးခဲ့တာကို ကြည့်ရင်သိနိုင်ပါတယ်။

သူ့ကို ဒုက္ခပေးသွားတာက သူကိုယ်တိုင်ပါပဲ။ သူက အသောက်အစား မက်ပြီး အစားအသောက်လည်း ရှောင်ဖို့ ဝန်လေးပါတယ်။ သူက နေထိုင်ပုံလည်း ကြမ်းတမ်းပြီး ဟော့ဟော့ရမ်းရမ်း နိုင်ပါတယ်။သူက 𝐆𝐲𝐦 လိုမျိုး ကိုယ်ကာယလေ့ကျင့်ခန်းတွေကိုလည်း လုပ်ဖို့ တွန့်ဆုတ်ပါတယ်။

ဆိုတော့ သူ့ခန္ဓာကိုယ်က သူ ဖြစ်ချင်တာတွေကို အမြဲ ဘယ်လိုက်နိုင်ပါတော့မလဲ။ သူနဲ့ပတ်သက် လို့ ဆာအဲလက်စ် ဖာဂူဆန်က သူ့စာအုပ်ထဲမှာ ရေးခဲ့ဖူးတာရှိပါတယ်။ ရိုင်ယန် ဂစ်က ဆင်တစ်ကောင်လုံးစားရင်တောင် မဝလာပေမဲ့ ရွန်းနီကတော့ ရေသောက်ရင်တောင် ဝလာတတ်တယ်ဆိုတာပါ။ ဆိုလိုချင်တာက ရွန်းနီရဲ့ ခန္ဓာဗေဒနဲ့ ဇီဝကမ္မဗေဒကိုက ဝဖို့ဖက်ကို သွားပါတယ်။ သူ ထိန်းထိန်းသိမ်း သိမ်းနေနိုင်ကာမှ တန်ကာကျမှာပါ။ ပြဿနာက သူကလည်း မထိန်းသိမ်းပါဘူး။ လီဗာပူးရဲ့ ခပ်ကြမ်းကြမ်းဝန်းကျင်ကလာတဲ့ ဆိုးပေလေး တစ်ယောက်လို သူကဟော့ဟော့ရမ်းရမ်း နေပါတယ်။ လိင်မှု အရှုပ်အထွေးတွေလည်း ရှိပါတယ်။ ဆိုတော့ ဆာအဲလက်စ်က သူ့ကို တည်ငြိမ်အခြေကျပြီး ရင့်ကျက် တဲ့သူလို့ ဘယ်တုန်းကမှ ယူဆခဲ့ပုံမရပါဘူး။

သူ့ ပုံစံက ရောမခေတ်က စစ်သူကြီးတွေလို တိုက်ချိန်တန်တိုက်မယ်၊ စားချိန်သောက်ချိန်တန် အဝ စား၊ အမှောက်သောက်မယ်၊ ပျော်စရာရှိ အရူးအမူးပျော်မယ်ဆိုတဲ့ စိတ်နေစိတ်ထားမျိုးပါ။ တကယ် ဆိုရင် သူက မက်ဆီ-ရော်နယ်ဒိုတို့နဲ့ တတန်းတည်း ရှိခဲ့သင့်တဲ့ အရည်အသွေးမျိုးရှိခဲ့တဲ့ သူတွေထဲ မှာပါခဲ့တာပါ။ သို့သော် အရည်အချင်း လူတိုင်းရှိရင်တောင် ထိန်းသိမ်းနိုင်-စဉ်ဆက်မပြတ်ကြိုးစား နိုင်သူတွေကပဲ ရှေ့ကို ပိုရောက်သွားတတ်ကြတာပဲမဟုတ်လား။

နောက်တစ်ချက်ကတော့ သူက နေရာစုံမှာ ကစားဖို့ ဝန်မလေးပါဘူး။ ဒါက အသင်းအတွက် စွန့်လွှတ် တာမျိုး၊ အနစ်နာခံတာမျိုးလို့ သူ့စိတ်ထဲလည်း မရှိပါဘူး။ သူ့ကိုယ်တိုင်ရေးစာအုပ်ထဲမှာ သူက ဒါဟာ သူ ပွဲနိုင်ချင်လို့ လုပ်တာပဲလို့ကို ထည့်ရေးထားပါတယ်။ သူက နိုင်ချင်တဲ့သူပါ။ မန်ယူနိုက်တက်မှ မဟုတ်ပါဘူး။ သူပါတဲ့ဖက်က နိုင်မှကျေနပ်မယ့်သူပါ။ လေ့ကျင့်ရေးကွင်းမှာ ၂ ဖက်ခွဲကန်ရင်တောင် သူပါတဲ့ဖက်က မနိုင်ရင် လေ့ကျင့်ရေးသုံး ကတော့ပုံကော်ခွက်လေးတွေကို ကန်ထုတ်၊ အော်ဟစ်ဆဲ ဆိုတတ်လို့ ဖာဒီနန်တို့ ရွိုင်ကိန်းတို့က ထိန်းရပါတယ်။

ပေါက်ကွဲလွယ်တဲ့ သူ့အကျင့်ကလည်း သူ့ကစားသမားဘဝကို ဒုက္ခပေးခဲ့ပါတယ်။ အနီကတ်တွေ လည်း အပြခံခဲ့ရသလို၊ မရသင့်တဲ့ ဒဏ်ရာတွေလည်း ရခဲ့ပါတယ်။ သူကိုယ်တိုင်လည်း သူ့ကစား သမားဘဝမှာ အင်္ဂလန်အတွက်ရော၊ ယူနိုက်တက်အတွက်ရော ကစားခဲ့တဲ့ပွဲတွေရဲ့ ၃ ပုံ ၁ ပုံကသာ ကြံ့ခိုင်ရည်အပြည့်နဲ့ ကစားခဲ့တာလို့ ထုတ်ပြောဖူးပါတယ်။ ဆေးအဖွဲ့က ကစားသမားမပြောရင် ဒဏ် ရာသေးသေးမွှားမွှားတွေ၊ ထုံနေတာ၊ ကျဉ်နေတာတွေကို မသိနိုင်ပါဘူး။ ပြောရင် အနားပေးခံရမှာစိုးလို့ သူကလည်း မပြောပါဘူး။ ဆိုတော့ သူ့ ကြံ့ခိုင်မှုက ကျသထက် ကျလာတာ မဆန်းတော့ပါဘူး။

ဒါတောင်မှ သူဟာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သမိုင်းမှတ်တမ်းရေးထိုးနိုင်ခဲ့ပါသေးတယ်။ အခုထိလည်း သူ့စံချိန်ကို ကျော်ဖြတ်မယ့်သူ မပေါ်လာသေးပါဘူး။ သူအဲဒီမှတ်တမ်းကိုဆာဘော်ဘီဆီကနေ ကျော်ဖြတ်တော့ ဆာဘော်ဘီက အဘိုးအိုတစ်ယောက်ဖြစ်နေပါပြီ။ ရွန်းနီရဲ့ စံချိန်ကိုလည်း သူ အဘိုးအိုဖြစ်မှ ကျော်ဖြတ်နိုင်ကြမလား မဆိုနိုင်ပါဘူး။

သေချာတာကတော့ ဝိန်းရွန်းနီဟာ ဆာအဲလက်စ် သံယောဇဉ်အရှိဆုံး၊ သားလိုအချစ်ဆုံး ကစားသမား တစ်ယောက်မဟုတ်ခဲ့ပေမဲ့ ပွဲထဲကို လွှတ်ဖို့ရာ အယုံကြည်ရဆုံး ကစားသမားစာရင်းထုတ်တဲ့အခါမှာ တော့ ထိပ်ဆုံးက ပါခဲ့ပြီး အဲဒီလို ပေးလိုက်တဲ့တာဝန်ကိုလည်း အကျေပြွန်ဆုံး ကစားသမားပါပဲ။

#k9mmmedia

#Manchesterunited

#WayneRooney

Leave a reply